International News

အိန္ဒိယသည် ယခုအခါ တင်လဲရည်များတင်ပို့မှုကို တားဆီးရန်ရည်ရွယ်၍ ပို့ကုန်ခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်ကောက်ခံသွားဖွယ်ရှိ

Last Updated:

အိန္ဒိယအစိုးရသည် လာမည့်ရာသီတွင် သကြားထုတ်လုပ်မှုကျဆင်းလာနိုင်သဖြင့် အီသနောထုတ်လုပ်မှုအတွက် အဓိကကုန်ကြမ်းဖြစ်သည့် တင်လဲရည်များရရှိနိုင်မှုလျော့ကျစေနိုင်ရာ ၎င်းတို့အား ပြည်ပသို့တင်ပို့မှုကို တားဆီးရန်အတွက် ပို့ကုန်ခွန် ၂၅ ရာခိုင်နှုန်းစည်းကြပ်ကောက်ခံရန် စဉ်းစားလျက်ရှိကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၆ရက်နေ့က ဖော်ပြသည်။

အဆိုပါပို့ကုန်အပေါ် အကောက်ခွန်စည်းကြပ်ရန် အဆိုပြုချက်ကို အချိန်အတော်ကြာ ဆွေးနွေးလျက်ရှိသော်လည်း ဘဏ္ဍာရေးဝန်ကြီးဌာနသည် ယခုအခါ ၎င်း၏အရေးကြီးမှုကို သဘောပေါက်နားလည်ထားပြီး၊ မကြာမီအသိပေးထုတ်ပြန်နိုင်ဖွယ်ရှိကြောင်း ရင်းမြစ်များက ဆိုသည်။“လက်ရှိရာသီမှာ ၁၂ ရာခိုင်နှုန်းသတ်မှတ်ထားသည့် လောင်စာဆီနှင့် အီသနောရောစပ်သည့် ရည်မှန်းချက်ကို ၂၀၂၃-၂၄ ခုနှစ် ရာသီ(နိုဝင်ဘာလမှ အောက်တိုဘာလအထိ)တွင် ၁၅ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်ထားသည့် အတွက် တင်ပို့မှုတွေကို စစ်ဆေးဖို့ ဆုံးဖြတ်ချက်ဟာ အလွန်အရေးကြီးပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

သကြားအထွက်နှုန်းခန့်မှန်းချက်

အိန္ဒိယအစိုးရက လာမည့်ရာသီ(အောက်တိုဘာမှ စက်တင်ဘာလအထိ)အတွက် သကြားထုတ်လုပ်မှုခန့်မှန်းချက်ကို တရားဝင်ထုတ်ပြန်ခြင်းမရှိသေးသော်လည်း အိန္ဒိယသကြားစက်များအသင်းက ၎င်းအား တန်ချိန် ၃၁ ဒသမ ၆၈ သန်းရှိမည်ဟုယူဆထားသည့်အတွက် လက်ရှိ ၂၀၂၂-၂၃ ရာသီရှိ ခန့်မှန်းခြေသကြားထုတ်လုပ်မှုတန်ချိန် ၃၂ ဒသမ ၈ သန်းအောက် လျော့နည်းသွားမည်ဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ်၏ ပထမသုံးလပတ်(ဧပြီလမှ ဇွန်လအထိ)တွင် အိန္ဒိယနိုင်ငံမှ တင်လဲရည်တင်ပို့မှုမှာ တန်ချိန် ၂၈၃၅၉၈ ဒသမ ၁၉ တန်၊ တန်ဖိုးအားဖြင့် ရူပီး ၃ ဒသမ ၆၁ ဘီလီယံရှိပြီး ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တစ်ခုလုံးတွင် စုစုပေါင်းတင်လဲရည်တင်ပို့မှု ၁၆၀၈၉၀၆ ဒသမ ၇ တန်၊ တန်ဖိုးအားဖြင့် ရူပီး ၂၀ ဒသမ ၃၄ ဘီလီယံရှိကြောင်း တရားဝင်စာရင်းများအရ သိရသည်။ ကြံများကို ကြိတ်ခွဲပြီးနောက် ပြည်ပသို့ အဓိကတင်ပို့သည့်ရာသီမှာ နိုဝင်ဘာလတွင် စတင်ကြောင်း၊ တင်လဲရည်ကို အဓိကတင်ပို့ လျက်ရှိသည့် ပြည်နယ်သုံးခုဖြစ်သော Maharashtra၊ Karnataka နှင့် Gujarat ပြည်နယ်တို့၌ ကြံကြိတ်ခွဲမှုအများစုကို ဧပြီလအတွင်း ပြုလုပ်ပြီးစီးလေ့ရှိကြောင်း ကြံဈေးကွက်တာဝန်ရှိသူများက ပြောကြားသည်။

အိန္ဒိယနိုင်ငံသည် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် တင်ပို့ခဲ့သည့် တင်လဲရည်ပမာဏစုစုပေါင်းမှ အီသနောလီတာသန်းပေါင်း ၃၈၀ ခန့်ထုတ်လုပ်နိုင်ဖွယ်ရှိကြောင်း တာဝန်ရှိသူများက ပြောသည်။ ပုံမှန်အားဖြင့် တစ်တန်လျှင် အီသနော ၂၃၅ လီတာအချိုးအစားရှိသော C-Heavy တင်လဲရည်အများစုကို အိန္ဒိယနိုင်ငံမှ ပြည်ပသို့တင်ပို့ခဲ့ကြောင်း သိရသည်။ နယ်သာလန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် အီတလီစသည့်နိုင်ငံများသည် အိန္ဒိယမှ တင်လဲရည်များကို အများဆုံးတင်သွင်းသည့် ထိပ်တန်းငါးနိုင်ငံဖြစ်ကာ ၎င်းအား ကျွဲနွားအစာထုတ်လုပ်ရာတွင် အသုံးပြုကြောင်း သိရသည်။

ကြိုဆိုသောအရွေ့အပြောင်းတစ်ခု

“အစိုးရအနေဖြင့် တင်လဲရည်တင်ပို့မှုကို ကန့်သတ်ဖို့ ဆုံးဖြတ်မယ်ဆိုရင် ဒါဟာ ကြိုဆိုရမယ့်ခြေလှမ်းပါပဲ။ ပြီးခဲ့သည့် ဩဂုတ်လက Maharashtra နှင့် Karnataka ပြည်နယ်တို့တွင် ရာသီဥတုခြောက်သွေ့မှုကြောင့် ကြံသီးနှံများထိခိုက်ခဲ့တဲ့အတွက် သကြားထုတ်လုပ်မှုလျော့နည်းသွားမည်ကို စိုးရိမ်မကင်းဖြစ်နေကြပါတယ်။ Maharashtra ပြည်နယ်ရှိ အီသနောထုတ်လုပ်မှုအတွက် ပေါင်းခံစက်ရုံများတည်ထောင်၍ ရင်းနှီးမြှုပ်နှံထားသော သကြားစက်များအနေဖြင့် ၎င်းတို့၏ စွမ်းဆောင် နိုင်ရည် ၈၀ ရာခိုင်နှုန်းကိုပင် အသုံးမချနိုင်ဖြစ်မည်ကို စိုးရိမ်နေကြပါတယ်။”ဟု အနောက်အိန္ဒိယသကြားစက်များအသင်းဥက္ကဋ္ဌ BB Thombare က ပြောကြားခဲ့သည်။

သို့သော်လည်း Maharashtra ပြည်နယ်၊ သမဝါယမအဖွဲ့အစည်းတစ်ခု၏ ထိပ်တန်းအရာရှိတစ်ဦးက အီသနောရောစပ်ခြင်းအစီအစဉ်(Ethanol Blending Programme-EBP)သည် အမျိုးသားရေးအစီအစဥ်တစ်ခုဖြစ်ပြီး ဦးစားပေးသင့်သည်ဟုဆိုသော်လည်း အစိုးရအနေဖြင့် ပေါင်းခံစက်မရှိသော သကြားစက်ငယ်များအပေါ် အကျိုးသက်ရောက်မှုကို ညီတူညီမျှထည့်သွင်းစဉ်းစားသင့်ကြောင်း၊ ၎င်းစက်ရုံငယ်များအနေဖြင့် ပြည်တွင်းစက်မှုလုပ်ငန်းများထံသို့ တင်လဲရည်များရောင်းချခြင်းထက် ပို့ကုန်တင်ပို့မှုမှတစ်ဆင့် ဈေးကောင်းပိုမိုရရှိနိုင်သည့်အချက်ကို ထည့်သွင်းစဉ်းစားသင့်သည်ဟု ပြောကြားခဲ့သည်။

သုံးသပ်တင်ပြချက်

အိန္ဒိယနိုင်ငံတွင် ယခုအခါ ကြံအဓိကစိုက်ပျိုးသောဒေသများ၌ ရာသီဥတုပြောင်းလဲမှုကြောင့် ကြံအထွက်နှုန်းများ ကျဆင်းလျက်ရှိရာ ၎င်းမှတစ်ဆင့် သကြားနှင့် ၎င်း၏ဘေးထွက်ထုတ်ကုန်များ ထွက်ရှိအပေါ် ထိခိုက်စေလျက်ရှိပါသည်။ အိန္ဒိယအစိုးရသည် ယခုနှစ်အတွက် ပြည်ပသို့ သကြားတင်ပို့မှုခွဲတမ်းကို လျှော့ချသတ်မှတ်ခဲ့ပြီး၊ လာမည့်ပွဲတော်ရာသီတွင် ဈေးကွက်ထဲ သကြားဝယ်လိုအား မြင့်တက်လာနိုင်သည့်အခြေအနေရှိကာ ဈေးနှုန်းများမြင့်တက်လာနိုင်သည့်အတွက် တင်ပို့မှုကန့်သတ်သွားရန် စဉ်းစားလျက်ရှိပါသည်။ ယခုအခါ အီသနောထုတ်လုပ်ရာ၌ အဓိကအသုံးပြုသည့် တင်လဲရည်တင်ပို့မှုအပေါ် တင်းကြပ်မှုများပြုလုပ်သွားရန် ခြေလှမ်းပြင်ဆင်လျက်ရှိပါသည်။

အိန္ဒိယအစိုးရသည် သန့်ရှင်းသောစွမ်းအင်အသုံးပြုမှုတိုးမြှင့်ရန်၊ နိုင်ငံခြားငွေချွေတာသုံးစွဲရန်နှင့် သကြားထုတ်လုပ်မှုကဏ္ဍကို အထောက်အကူပြုနိုင်ရန်ရည်ရွယ်၍ လောင်စာဆီနှင့် အီသနောရောစပ်အသုံးပြုသည့်အစီအစဉ်(Ethanol Blending Programme-EBP)ကို ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ခဲ့ပါသည်။ အဆိုပါအီသနောရောစပ်အသုံးပြုမည့်အချိုးအစားကို နှစ်စဉ် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ်သွားနိုင်ရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၅ -၂၆ ခုနှစ်တွင် အဆိုပါအချိုးအစားကို ၂၀ ရာခိုင်နှုန်းအထိရရှိရန် ရည်မှန်းထားကြောင်း Fortune India က ဖော်ပြထားပါ သည်။ ယခုနှစ်ကြံစိုက်ရာသီတွင် အီသနောရောစပ်အသုံးပြုမှုအချိုး ၁၂ ရာခိုင်နှုန်းသတ်မှတ်ထားရာမှ လာမည့်ရာသီတွင် ၁၅ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်သွားရန်ရှိသည့်အတွက် အစိုးရအနေဖြင့် ပြည်ပသို့ တင်လဲရည်တင်ပို့မှုအပေါ် ပို့ကုန်ခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်ကောက်ခံသွားဖွယ်ရှိသည့် အခြေအနေကို သုံးသပ်တင်ပြလိုက်ရပါသည်။

ရည်ညွှန်းချက်။

The Hindu Businessline သတင်းဌာန၊ “India now targets curbing molasses shipments, may impose 25% export duty”၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်။

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ကော်လ်ကတ္တားမြို့)                                                                                  

 

 

Category: International News